“1st Asian BirdLife Festival and Nature Expo 2020”

January 23, 2020
Ayuwat

(Scroll down for English)

မြန်မာနိုင်ငံရှိမျိုးသုဉ်းရန် စိုးရိမ်နေရသောမျိုးစိတ်များအားစောင့်ကြည့်လေ့လာခြင်းနှင့် ထိန်းသိမ်းရေးလုပ်ငန်းများလုပ်ဆောင်ရာတွင်အထောက်အကူဖြစ်စေနိုင်ရန်အတွက်
တိုယိုတာမှ “Toyota Today for Tomorrow” စီမံကိန်းဖြင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်းသို့ မော်တော်ကားလှူဒါန်းခြင်း

မြန်မာနိုင်ငံရှိမျိုးသုဉ်းရန်စိုးရိမ်နေရသောမျိုးစိတ်များအားစောင့်ကြည့်လေ့လာခြင်းနှင့် ထိန်းသိမ်းရေးလုပ်ငန်းများလုပ်ဆောင်ရာ၌ ခရီးသွားလာရေးတွင် အဆင်ပြေချောမွေ့နိုင်စေရန်အတွက် BirdLifeInternational Tokyo ၏ ပံ့ပိုးကူညီပေးမှုဖြင့် တိုယိုတာမှဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်းသို့ TOYOTA Hilux Double CAB (2.4L Diesel Turbo) ကားတစ်စီးကိုအောက်တိုဘာလ၊ ၂၀၁၉ ခုနှစ်တွင် လှူဒါန်းခဲ့ပါသည်။ ထိုသို့လှူဒါန်းရာတွင် တိုယိုတာသည် ကမ္ဘာလုံးဆိုင်ရာအနီရောင်စာရင်းဝင်မျိုးစိတ်များထိန်းသိမ်းရေးစီမံချက် ၂၀၂၀ ခုနှစ်(IUCN Red List Project 2020) အတွက် ၂၀၂၀ ခုနှစ်တွင် မျိုးစိတ်ပေါင်း ၁၆၀,၀၀၀ ကျော်အားသဘာဝတွင် ရေရှည်တည်မြဲအောင် ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် တရားဝင်ပံ့ပိုးပေးခြင်းဖြစ်ပြီးအပြည်ပြည်ဆိုင်ရာသဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN)၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့်ဇီဝမျိူးစုံမျိုးကွဲများကိုထိန်းသိမ်းလျက်ရှိသောအစိုးရမဟုတ်သောအဖွဲ့အစည်းများ(NGOs)ကိုလှူဒါန်းခြင်းပင်ဖြစ်ပါသည်။

ကားလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကိုဇန်နဝါရီလ၊ ၁၈ ရက်၊ ၂၀၂၀ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ပထမအကြိမ်ကျင်းပပြုလုပ်သောAsianBirdLifeပွဲတော်တွင် ပြုလုပ်ခဲ့ပြီးမြန်မာနိုင်ငံ၊ တိုယိုတာကုမ္ပဏီလိမိတက်စ် (TMY) မှ ဒုတိယမန်နေဂျင်းဒါရိုက်တာမစ္စတာယိုရှိဟီဆာတိုနိုဇူကာနှင့် Toyota Daihatsu Engineering and Manufacturing (TDEM) ကုမွဏီလိမိတက်၏ ဒုတိယဥက္ကဌမစ္စတာယိုရှိယာကီအီရှိမိုတိုတို့မှ ပေးအပ်သောကားသော့ကို BANCA ၏ အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာနေစိုးမောင်မှ လက်ခံခဲ့ပြီးတိုယိုတာအားထိုသို့ လှူဒါန်းခြင်းအပေါ် ကျေးဇူးတင်စကားများပြန်လည်ပြောကြားခဲ့သည်။

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) သည် ပြည်တွင်းအစိုးရမဟုတ်သောသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းဖြစ်ပြီး (၂၀၀၂) ခုနှစ်မှ စတင်တည်ထောင်၍ သုတေသနနှင့်ထိန်းသိမ်းရေးလုပ်ငန်းများကိုသက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ ပြည်တွင်းပြည်ပရှိ INGOs/ NGOs အဖွဲ့အစည်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိအစိုးရအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံထိန်းသိမ်းရေးအဖွဲ့များနှင့် ပူးပေါင်းကာထိန်းသိမ်းရေးလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိပါသည်။
ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးအသင်း (BANCA) သည် နိုင်ငံအတွင်းရှိအရေးကြီးထိန်းသိမ်းရန်လိုအပ်သောဇီဝမျိုးစုံမျိုးကွဲများကိုဦးစားပေးကာထိန်းသိမ်းရေးလုပ်ငန်းများကိုမြန်မာပြည်မြောက်ဖျားကချင်ပြည်နယ်မှ တောင်ဘက်ပိုင်းတနင်္သာရီဒေသအထိအရေးကြီးမျိုးစိတ်များကိုရှာဖွေကာထိန်းသိမ်းလျက်ရှိပါသည်။

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်းသည် ကမ္ဘာပေါ်တွင် မျိုးသုဉ်းရန် စိုးရိမ်နေရသောငှက်မျိုးစိတ်များဖြစ်သည့် ရေညှောင့်နှုတ်ဝိုင်းငှက် (Spoon-billed Sandpiper)ကိုမုတ္တမပင်လယ်ကွေ့တွင် (၂၀၀၈) ခုနှစ်မှ စတင်ကာသုတေသနနှင့် ထိန်းသိမ်းရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် အခြားသောမျိုးသုဉ်းရန်စိုးရိမ်နေရသောအဆင့်ဝင်သည့် ဆောင်းခိုငှက်များကိုရှာဖွေဖော်ထုတ်နိုင်ခဲ့ပါသည်။ ထိန်းသိမ်းရေးလုပ်ငန်းများလုပ်ဆောင်ခြင်းနှင့်အတူဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ရေကန်များတူးဖော်ပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်းများပို့ချခြင်း၊ အခြေခံငှက်ကြည့်သင်တန်းများပို့ချခြင်း၊ ငှက်ဖမ်းမုဆိုးများအားအသက်မွေးဝမ်းကြောင်းလုပ်ငန်းများပြောင်းလဲလုပ်ကိုင်စေခြင်းစသည့်လုပ်ငန်းများကိုစဉ်ဆက်မပြတ်လုပ်ဆောင်လျက် ရှိပါသည်။

မုတ္တမပင်လယ်ကွေ့သည် ရေညှောင့်နှုတ်ဝိုင်းငှက်နှင့် အခြားမျိုးသုဉ်းရန်စိုးရိမ်နေရသောငှက်မျိုးစိတ်များနေထိုင် ကျက်စားလျက်ရှိသည့်နေရာဖြစ်သည့်အတွက် ထိန်းသိမ်းရန်အလွန်အရေးကြီးပါသည်။ ထို့ကြောင့်မုတ္တမပင်လယ်ကွေ့၏အရှေ့ဘက်အခြမ်း ဧရိယာစုစုပေါင်း (၄၂,၅၀၀) ဟက်တာအားမြန်မာနိုင်ငံ၏ (၄) ခုမြောက် ကမ္ဘာ့အရေးကြီးရမ်ဆာရေဝပ်ဒေသ (Ramsar Site) အဖြစ် (၂၀၁၇) ခုနှစ်တွင် ဖော်ထုတ်နိုင်ခဲ့ပါသည်။
ရေညှောင့်နှုတ်ဝိုင်းငှက်သည် ထိန်းသိမ်းကာကွယ်ရန် အရေးကြီးသောရွေ့ပြောင်းငှက် မျိုးစိတ်တစ်မျိုးဖြစ်ပြီးကမ္ဘာပေါ်တွင် ၎င်းတို့၏ နေထိုင်ကျက်စားရာနေရာများကိုထိခိုက်စေခြင်းသည် မျိုးသုဉ်းရန် အန္တရာယ်အရှိဆုံးအချက်ပင်ဖြစ်ပါသည်။ ထို့သို့ဖြင့် ၂၀၀၈ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာသဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN) မှ ရေညှောင့်နှုတ်ဝိုင်းငှက်မျိုးစိတ်အားမျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသောမျိုးစိတ် (Critically Endangered) အဆင့်သို့ သတ်မှတ်ထားခဲ့ပါသည်။ ရေညှောင့်ငှက်များကိုမြန်မာနိုင်ငံတွင် ထင်ရှားစွာမြင်တွေ့နိုင်ရုံသာမကအိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတို့တွင်လည်းမြင်တွေ့နိုင်ပါသည်။ ထိုင်းနိုင်ငံတွင် ပထမအကြိမ် ကျင်းပပြုလုပ်သော Asian Birdlife Festival တွင် တိုယာတာ၏ ထောက်ပံ့ပေးမှုဖြင့် ငှက်ထိန်းသိမ်းရေးအဖွဲ့၊ ထိုင်းနိုင်ငံ (Bird Conservation Society Thailand) မှ အိမ်ရှင်အဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးရေညှောင့်နှုတ်ဝိုင်းငှက်ကောင်ရေများတဖြည်းဖြည်းလျော့နည်းလာကာမျိုးသုဉ်းရန်အန္တရာယ်နှင့် နီးကပ်စွာရင်ဆိုင်နေရသဖြင့် ထိန်းသိမ်းရေးလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန် အဓိကရည်ရွည်ကာအသိပညာပေးခြင်းပင်ဖြစ်ပါသည်။


ဆက်လက်ပြီး BANCA သည် IUCN Redlist- globally threatened အဆင့်ဝင်သောအခြားငှက်မျိုးစိတ်များဖြစ်သည့် ပို့ချပ်ခေါင်းစိမ်းငှက် Baer’s Pochard ၊ လင်းတငှက်များ Asian Vultures ၊ တောင်ငုံးရင်မဲ Gurney’s Pitta ၊ အောက်ချင်းမြှီးရှည်ငှက် Helmeted Hornbill ၊ ဒေါင်းစိမ်းငှက် Green Peafowl နှင့် အခြားသောမျိုးသုဉ်းစိုးရိမ်နေရသောအပင်နှင့် သတ္တဝါများရှိရာထိန်းသိမ်းကာကွယ်ရေးနယ်မြေများကိုသစ်တောဦးစီးဌာနနှင့် ပူးပေါင်းကာဆောင်ရွက်လျက် ရှိပါသည်။
BANCA သည် ထိန်းသိမ်းရေးလုပ်ငန်းများကိုနေရာမရွေး၊ အချိန်မရွေးသွားရောက်လုပ်ကိုင်လျက်ရှိရာလုပ်ငန်းများဆောင်ရွက်ရာတွင် ခရီးသွားလာရေးအတွက် အထောက်အကူဖြစ်စေရန် တိုယိုတာမှ BANCA သို့ Toyota Hilux Double CAB (2.4L Diesel Turbo) ကားတစ်စီးလှူဒါန်းခြင်းသည် BANCA အတွက်အလွန်အထောက်အကူပြုပါသည်။ BANCA မှ ပညာပေးနှင့် အသက်မွေးဝမ်းကြောင်းစီမံကိန်းမန်နေဂျာဦးအောင်ကျော်ညွှန့်မှ “ဒီကားဟာကျွန်တော်တို့အသင်းကရတယ်လို့ မခံယူပါဘူး၊ ကျွန်တော်တို့တိုင်းပြည်၊ လူထုအတွက် အင်မတန်မှလိုအပ်တဲ့ ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုထိရောက်အောင်မြင်စွာလုပ်နိုင်အောင် ထောက်ပံ့ပေးတာဖြစ်ပါတယ်၊ ဒီလိုထောက်ပံ့ပေးတဲ့ TOYOTA ကိုလည်းအလွန်ကျေးဇူးတင်ပါတယ်” ဟုပြောကြားခဲ့ပါသည်။
Toyota Daihatsu Engineering Manufacturing Co., Ltd (TDEM) မှ ဒုတိယဉက္ကဌမစ္စတာယိုရှီယာကီအီရှိမိုတိုမီတိုယိုတာ၏ ရည်ရွယ်ချက်ပန်းတိုင် ဖြစ်သော “အနာဂတ်လူ့အဖွဲ့အစည်းနှင့် သဘာဝဟန်ချက်ညီညီရှိစေရေး” သည် “တိုယိုတာသဘာဝပတ်ဝန်းကျင်စိန်ခေါ်မှု ၂၀၅၀”၏ ကဏ္ဍတစ်ခုဖြစ်ပြီးတိုယိုတာသည် မိတ်ဖက်အဖွဲ့အစည်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုအတူတကွဖော်ဆောင်ရန် ဝန်ခံကတိပြုပြီးဖြစ်ပါတယ်။ “ဒါကြောင့် BANCA အဖွဲ့အစည်းကိုကားလှူဒါန်းခြင်းသည် မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ရေးအတွက် များစွာအထောက်အကူဖြစ်မယ်လို့ ယုံကြည် ပါတယ်” ဟုပြောကြားခဲ့ပါသည်။

#တိုယိုတာအကြောင်း
တိုယာတာသည် ကမ္ဘာလုံးဆိုင်ရာမော်တော်ယာဉ်ကုမ္ပဏီဖြစ်ပြီး ၁၉၃၇ ခုနှစ်ကတည်းကစတင်တည်ထောင်ခဲ့ကာနိုင်ငံပေါင်း (၂၉) နိုင်ငံတွင် ထုတ်လုပ်ကာကမ္ဘာ့အနှံ့အပြားတွင်ရှိသောနိုင်ငံပေါင်း (၁၇၀) ကျော်အထိဖြန့်ဖြူးရောင်းချနေခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ တရားဝင်စတင်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် တိုယာတာမြန်မာကုမ္ပဏီကိုစတင်တည်ထောင်နိုင်ခဲ့ပြီးမြန်မာနိုင်ငံတွင် ပထမဆုံးမော်တော်ယာဉ်ထုတ်လုပ်ခြင်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်လုပ်ဆောင်လာနိုင်မည်ဖြစ်ပါသည်။ မော်တော်ကားလှူဒါန်းခြင်းသည် ၂၀၅၀ ခုနှစ်အတွင်းတိုယိုတာ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုတစ်ခုဖြစ်ပြီး Toyota Motor Corporation (TMC) နှင့် BirdLife International တို့ ပူးပေါင်းလုပ်ဆောင်သည့် အစီအစဉ် တစ်ခုဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ “အနာဂတ်လူ့အဖွဲ့အစည်းနှင့် သဘာဝဟန်ချက်ညီညီရှိစေရေး”ပင်ဖြစ်ပါသည်။ TMC သည် ၂၀၁၆ မှ စတင်၍ နှစ်စဉ် မော်တော်ကား (၄) စီးကိုကမ္ဘာပေါ်ရှိမိတ်ဖက်အဖွဲ့များဖြစ်သည့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများ (NGOs) ကိုလှူဒါန်းလာခဲ့သည်မှာအချိန်ကာလငါးနှစ်တာမျှ ရှိခဲ့ပြီဖြစ်ပါသည်။ထိုသို့ လှူဒါန်းထားသောမော်တော်ကားများကိုကမ္ညာပေါ်ရှိမျိုးသုဉ်းရန် အန္တရာယ်ရှိနေသောမျိုးစိတ်များဖြစ်သည့် အနီရောင်စာရင်းဝင် မျိုးစိတ်များ (IUCN Red List) ကိုထိန်းသိမ်းရန် မရှိမဖြစ် လိုအပ်လှသည့် လုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန်အတွက် အသုံးပြုလာခဲ့သည်ပင် ဖြစ်ပါသည်။ ထိုသို့ စာရင်းဝင်မျိုးစိတ်အများအပြား၏ နေရင်းဒေသများသို့ ကြမ်းတမ်းသောလမ်းများကိုအသုံးပြု၍သာသွားလာနိုင်ပါသည်။